Wednesday, March 3, 2010

သပြေသီးကောက်.........

ဝါဆိုဝါခေါင် ရေတွေကြီးလို့

သပြေသီးမှဲ့ ကောက်စို့ကွယ်

ခရာဆူးခြုံ ဟိုအထဲက

မြော့နက်မဲကြီးတွယ်တတ်တယ်

မြော့နက်ဆိုတာ ဂျိုနဲ့လားကွဲ့

မြွေနဂါးတောင် ကြောက်ဘူးကွယ်

ဒို့လဲကြောက်ပေါင် အတူသွားလို့

အုန်းလက်နွားလေးထားခဲ့မယ်

သွားကွယ်………သွားကွယ် ။ ။
(ဦးသန့်)

မငိုနဲ့ကွယ်...........

အိုအေအေ အမေချော့လို့
တိတ်ပါတော့ မယ့်သည်းချာ
ခိုပြာခိုဖြူနဲ့
တကူကူဂျိုးတွေရောက်ပါလို့
မိတ္ထီလာကန်တော်အောက်ဆီက
ဖားကောက်ဖို့ အမေ့မှာ ။ ။
အေအိုအိုကြောင်ကြီးက
အမြီးခပ်တိုတို
မေ့သားကို လာ၍ ကိုက်ပါလိမ့်
မေရိုက်မယ် မောင်မငိုနဲ့
ဒီကြောင်အိုအဆီစားပါလို့
အသားကို သူမျိုတတ်တယ်ကွဲ့
ရပ်တော့အသာ ။ ။
အိုအေအေပါးပြင်နုမှာလ
ပုလဲဥမျက်ရည်ယို
သည်တိုင်းသာ အငိုဆက်ရင်ဖြင့်
ခက်လေပြီ သည်တမိမှာတော့
ကလေးဘေ ဘယ်မှာရှိလေဘိ
သိချင်လှစိတ်မကြည်
ဘယ်ဆီမှ မရှာအား ။ ။
အိုအေအေအသာပိုက်ပါလို့
ရွှေနို့ချို အမေတိုက်မယ်ကွဲ့
ငိုရှိုက်ကာ မောင်မနေနဲ့
ကလေးဖေပြန်လာရောက်ခါမှ
စားသောက်ရန်ချိုချဉ်လှိုင်၍
နှစ်ယောက်ပြိုင်အတူချော့မယ်ကွယ်
တိတ်တော့မေ့သား ။ ။
(ဦးသန့်)
သမီးကို ပြုစုပျိုးထောင်ပေးခဲ့သော.........အမေ
ဒီအရွယ်ထိရောက်အောင် မငြိုမငြင်ပဲ လိုအပ်တာမှန်သမျှ လုပ်ပေးခဲ့သောအမေ
ခုချိန်ထိလည်း ဆက်လက်လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးနေဆဲ
ဒီကဗျာလေးက သမီးငယ်ငယ်တုန်းက အမေဆိုပြပြီး ချော့သိပ်တဲ့ကဗျာလေးလေ
အမေ့ကျေးဇူးကို သမီးမဆပ်နိုင်သေးပေမဲ့
ဒီကဗျာလေးက အမေ့ရဲ့ မေတ္တာတွေကိုဖော်ကျုးနေတယ်နော်......အမေ