Friday, September 23, 2011

သို့......... ချစ်သောဧရာဝတီ ( အပိုင်း-၂ )

ရင်ဘတ်ထဲက ကဗျာတွေ
စာရွက်ပေါ်ကို ခုန်ချ
မျက်ဝန်းတွေ ရေကြီးတဲ့ ညမှာ
ငါ...
ဝေဒနာပလီတဲ့ အလွမ်း ဆူးတွေနဲ့
ဧရာဝတီရဲ့ ကမ်းနဖူးကို လွမ်းမိတယ်။

အဲဒီ ဧရာကမ်း နဖူးမှာ
တုတ်ခွန်သွင်း အ၀တည်တဲ့
ဒုတိယမင်းခေါင်ရဲ့
မှော်ယွန်းကြိုး မြို့ရိုး ရှိတယ်။

အဲဒီ ဧရာကမ်း နဖူးမှာပဲ
သပြေတန်း၊ အစေခံ ဆင်ကျူံးဆိုပြီး
မြစ်ကြောင်းအတိုင်း တက်လာမယ့် နယ်ချဲ့ကို
တစ်ကယ် မဖဲ့လိုက်ရတဲ့
ကနောင်လက်နက်တိုက်နဲ့ ခံတပ်တွေရှိတယ်။

အဲဒီ ဧရာကမ်းနဖူးက
ရွှေတောင်ဦးမော် ဘုရားကုန်းမှာပဲ
စကားတစ်လုံးမှ မပြောတဲ့
မြစ်စောင့်နတ်ရဲ့ ကြင်ယာ
တောင်ပိုင်ဘိုးဘိုးကြီး ဆိုတာရှိတယ်။

အဲဒီ ဧရာကမ်းနဖူးအောက်
ဂငယ်ကွေ့ နှုတ်ခမ်းတစ်လျှောက်
ရေဆန်ကို အာခံပြီး
တစ်နှစ်တစ်ခါ မှန်မှန်လာကြတဲ့
ရွှေကြက်ယက် ဘုရားဖူး
( ထောင်သောင်းချီ )
ငါးထူးငါးမြတ်တွေရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
စုံတွဲတွေ တက်ရင်နားတာပေါ့
ငတက်ပြားရဲ့ မရှိခဏ ဘုရားရှိတယ်။
အဲဒီ ဧရာကမ်းနဖူး မှာပဲ
ကိုတင်လှိုင်ရဲ့
( အမုန်းခွန်အား ပေးသနားပါ )
အတောင်နှစ်ဆယ် လွမ်းစေတီရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
ကြောင်သူတော်တွေ ဖူးရင်
ဟုတ်ရင်ဟုတ် မဟုတ်ရင်ပြုတ်
ထူးရင်ထူး မထူးရင်ရူးတဲ့
ဆွမ်းဦး ပုညရှင်ဘုရားရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
သာသနာ ၂၅၀၀ ကျော်တဲ့ဘာသာ
ဒီနေရာ ဗုဒ္ဓသာသနာထွန်းကားလိမ့်မယ်လို့
ဂေါတမဘုရား ဗျာဒိတ်ဟောခဲ့တယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
ရေတတ်ရင် ယောင်ကြိုးချိတ်ပြီး
ရေကျရင် သောင်ရိုးအိပ်တဲ့
ဆေးရွက်ကြီးတွေ မြေပဲခင်းတွေ ရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
ရာဇ၀င်များရဲ့သတို့သမီးကို ပူဇော်တဲ့
ကိုငှက်ကြီးရဲ့
အခမ်းနားဆုံးသော သက်ရှိကဗျာတွေရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
ငါ့နှလုံးသားကို
သင်တုန်း ဓားနဲ့ ထက်ခြမ်းခွဲ
နောက်တစ်ယောက်ကို လက်လှမ်းဆွဲပေါ့
တစ်ခါတစ်ရံဆီက သူမရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
ကျောင်းနောက်ကျရင် ကျောင်းတတ်
ကျောင်းမဆင်းသေးရင် ကျောင်းထွက်တဲ့
ငါ့ဘ၀ရဲ့ သင်္ကေတ
( ကျောင်းအိမ်သာလေး ဘေးက )
သင်္ကေတ ကွာကျနေတဲ့
ရိုမန့်တစ် နဲနဲ လှလှလေး ရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
မူးမူးရုးရုးနဲ့
ဟီးရိုးဟီးစီးတဲ့
ငါ့သူငယ်ချင်း စာရေးဆရာ ( လွန်း ) ရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
ငါငယ်ငယ်က ခွက်ပျောက်မော့ခဲ့တဲ့
ထန်းရည်တဲကလေး ရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
( အဝေးရောက်သားအတွက် )
ဝေဒနာ အလွမ်းတွေနဲ့ ကျန်ရစ်တဲ့
ငါ့အမေ ရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
၆၀ ကျော် ပင်စင်စား စက်ကော်ရဲ့
အရောင်မှိန် မျက်ဝန်းများနဲ့
မျှော်လင့်ခြင်းတွေ ပွန်းပါးနေတဲ့
ငါ့အဖေ ရှိတယ်။

- ဧရာဝတီရေ -
ငါ့တစ်ကိုယ်လုံး
နင့်ရင်ဘတ်ထဲ ဒိုင်ဗင်ပစ်
နင့် အချစ်ရေပြင်ကျယ်မှာ
( မျောလာတဲ့ ထင်းတုံးလေးတွေ သယ်ရင်း )
ငါလေ...တစ်ဖန်တစ်ခါ
လက်ပစ်ကူးပါရစေ အုံးတော့ကွယ်။


အလွမ်းများစွာဖြင့်
အမောင်
၀၁:၀၂
၁၉.၀၉.၂၀၁၁
(၀ံသာနုဂျာနယ်။ အတွဲ-၁၊ အမှတ်-၂၀)

မှတ်ချက်။ ။ တုတ်ခွန်သွင်း = မြန်မာ သက္ကရာဇ် ၇၂၆ ခုနှစ်
                  ဒုတိယမင်းခေါင် =  ဒုတိယ အင်းဝမြို့ကို အပိုင်စားသောမင်း အိမ်နိမ့်စံ သတိုးမင်းဖျား ဟုခေါ်သည်။

Thursday, September 22, 2011

အောင်ဆန်းပင်လုံ စာဖတ်ခန်းဖွင့်ပွဲ


အမှတ်တရများရဲ့ အမှတ်တရနေ့ ဒီနေ့

ဒီနေ့....................................
အရင်က မက်ခဲ့တဲ့အိပ်မက်တွေ တရေးနိုးခဲ့တယ်
စိတ်ကူးယဉ်ဇာတ်လမ်းတွေကို အိပ်မက်ထဲ ထည့်မက်ခဲ့တာတောင်
(၃)နှစ်ကျော်တောင်ကြာခဲ့ပြီပဲ ။                ။

စိတ်ရဲ့တန်ခိုးတွေများ တကယ်ကိုရှိတာပါလား
တစ်ခါမှ မတွေးဖြစ်မိတော့တဲ့သူတစ်ယောက်ကို
ဒီမနက် တစ်ကြိမ်တစ်ခါလေးတွေးမိရုံနဲ့ connected တဲ့။

 ဒါပေမဲ့.....................
ဖြစ်ချင်တာနဲ့ ဖြစ်တာတွေနဲ့ လွဲနေတုန်းပါပဲလား။              ။

                                                                                       (ပုံရိပ်လေး)

ချစ်သောမိသားစု

ဖေဖေ၊ မောင်လေးနှင့် မေမေ

Myanmar Bird and Nature Society (MBNS)

မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း၏ အစီအစဉ်ဖြင့် ဧရာဝတီ မြစ်ဆုံရေကာတာကိစ္စနှင့် နေပြည်တော်တွင် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်သည့်အကြောင်းအရာများကို အမြင်ခြင်း ဖလှယ်တွေ့ဆုံဆွေးနွေးလိုပါသဖြင့် တက်ရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက်    -     ၂၃-၉-၂၀၁၁(သောကြာနေ့)
အချိန်      -     နံနက်(၁၀း၀၀)နာရီ။
နေရာ      -     တော်ဝင်နှင်းဆီ သီရိခန်းမ၊ ဗဟန်းမြို့
                                                                မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(MBNS)

Wednesday, September 14, 2011

ဂဠုန်ဦးစော၏ နောက်ဆုံးစာ ဂဠုန်ဦးစော ကြိုးပေးခံရတော့အံ့ဆဲဆဲ ရက်ပိုင်းအတွင်း သူ၏သမီး (ဒေါ်)မေသန်းစော(ခ)ဘေဘီစော သို့ ရေးပို့ခဲ့သော

ဒေါသနှင့် အာဃာတတရားများသည် ကောင်းကျိုးကိုမပေးပဲ ဆိုးကျိုးကိုသာ ပေးသည်။ ဒေါသမီးကို ရင်ဝယ်ပိုက်ပြီး အာဃတတရား ကြီးမားလွန်းခဲ့သဖြင့် ဘ၀ကို တိုတိုနှင့်ပိုင်းကာ ဇာတ်သိမ်းဆိုးခဲ့ရသည်။

အကယ်၍ ဒေါသမီးကို ရင်ဝယ်မပိုက်ပဲ ငြိမ်းသတ်နိုင်ခဲ့ပြီး အာဃာတတရားကိုလည်း ဖျောက်ဖျက်ပစ်နိုင်ခဲ့မည်ဆိုပါလျှင် ယခုလို ငယ်ငယ်ရွယ်ရွယ်နှင့် တိုတိုပိုင်းရမည်မဟုတ်ပေ။

မြတ်နိုးသောဇနီး၊ ချစ်သောသမီးတို့နှင့်လည်း အိုအောင်မင်းအောင် နေထိုင်ရပြီး တိုင်းပြည်ကျိုးကို သယ်ပိုးရွက်ဆောင်နိုင်မည်ဖြစ်သည်။

ယခုမူကား လွန်ခဲ့လေပြီ။ ပြီးခဲ့လေပြီ။ သို့တစေလည်း... ဖခင်ဖြစ်သူ၏ အမှားမျိုး၊ နောင်တမျိုး၊ သံဝေဂမျိုးကို သမီးဖြစ်သူ မကြုံတွေ့ရလေအောင် ဖခင်၏ ဘ၀သင်ခန်းစာကိုယူ၍ ဒေါသမီးကို ရင်ဝယ်မပိုက်ထွေးပဲ ငြိမ်းသတ်ပစ်ပါ။ မည်သူ့အပေါ်မျှ ရန်ငြှိုးဖွဲ့၊ ရန်ငြှိုးမထားပဲ အာဃာတ တရားကို ဖျောက်ဖျက် မေ့ပျောက်ပစ်ပါလေ ချစ်သမီး

(မေ ၈ ၁၉၄၈ မှာ ဦးစောကို ကြိုးပေးတယ်

Thursday, August 11, 2011

ကမ်းလွန်းနေသော.....ငှက်တစ်ကောင်

အနာဂတ်ကို……
လက်ရှိစိတ်ကူးတွေနဲ့
တဖြည်းဖြည်းလှိမ့်သွားဖို့
ဘယ်လောက်……
မိဝေးဖဝေးနွေးထွေးမှုတွေနဲ့
ကင်းကွာနေရမှာလဲ ။ ။

ဘယ်လောက်…….
စိတ်ရဲ့ လွပ်လပ်မှု
အေးချမ်းသာယာမှုတွေနဲ့ ဝေးပြီး
ယောင်ဝါးဝါး ဖြစ်နေတဲ့
ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ
အဖြေရှာမရတဲ့ စိတ်လေးပင်နေမှုတွေနဲ့
လူတွေကြားမှာ ကြုံတွေ့နေရတဲ့
ကိုယ့်ရဲ့လိုအပ်နေမှုတွေက
ဘယ်တော့ ပြီးပြည့်စုံလာမှာလဲ။

Wednesday, August 10, 2011

“ချစ်မေတ္တာနဲ့ အချိန်ကာလ’’

တစ်ခါကကျွန်းလေးတစ်ကျွန်းပေါ်မှာ ပျော်ရွှင်မှု၊ ဝမ်းနည်းခြင်း၊ အသိအမြင်စတဲ့ စိတ်ခံစားမှုတွေ အတူတူစုပြီးနေကြတယ်။ အဲ့ဒီထဲမှာ ချစ်မေတ္တာလည်းပါတယ်။
ချစ်မေတ္တာရှိတဲ့နေရာမှာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အလွမ်းအဆွေးတွေလဲရှိရမှာပေါ့ ဒါပေမယ့် လူပျိုကြီးတွေ အပျိုကြီးတွေတော့မရှိဘူး။
တစ်နေ့မှာသူတို့နေတဲ့ကျွန်းကလေးကို ရေလွှမ်းမိုးနစ်မြုပ်တဲ့အချိန်ကိုရောက်လာတယ်။ အသီးသီးထွက်ခွာဖို့ လှေတွေသင်္ဘောတွေ တည်ဆောက်ကြပါ၊ ချစ်မေတ္တာကတော့ကျွန်းကိုပဲ စောင့်ရှောက်နေပါဆိုတဲ့ကြေညာချက်ထွက်ပေါ်လာတယ်။
တဖြည်းဖြည်း သစ်ပင်တွေလည်း ရေလွှမ်းမိုးလာပြီ တာဝန်ရှိတဲ့အတိုင်း ချစ်မေတ္တာက နောက်ဆုံးအချိန်ထိ ကျွန်းကလေးကို စောင့်ရှောက်နေတယ်။ ကျွန်းတစ်ခုလုံး နစ်မြုပ်ခါနီးမှ ချစ်မေတ္တာက သူလည်းကျွန်းက ခွာဖို့ဆုံးဖြတ်လိုက်တယ်။ သူ့ကိုခေါ်ဖို့ အကူအညီတောင်းသတဲ့။
အဲ့ဒီအချိန်မှာကြွယ်ဝချမ်းသာခြင်းက အင်မတန် ခမ်းနားကြီးကျယ်လှတဲ့ သင်္ဘောကြီးနဲ့ ကျွန်းကလေးအနီးကနေ ဖြတ်မောင်းလာတဲ့အခါ ချစ်မေတ္တာက သူလိုက်လို့ရမလားလို့ မေးတယ်။ ကြွယ်ဝချမ်းသာခြင်းက သူ့သင်္ဘောပေါ်မှာ ရွှေတွေ၊ ငွေတွေနဲ့ ပြည့်နှက်နေလို့ ချစ်ခြင်းမေတ္တာကို ပေးစရာ နေရာမရှိတော့ပါဘူးလို့ပြန်ပြောတယ်။
မကြာမီမှာပဲ ဂုဏ်မာနကလဲ လှပတဲ့ သင်္ဘောကလေးနဲ့ ကျွန်းအနီးကိုဖြတ်လာတယ်၊ ချစ်မေတ္တာက သူလည်း အတူလိုက်ပါရစေလို့ တောင်းပန်တယ်။ မခေါ်နိုင်ဘူးမင့်ကိုယ်က ရေတွေရွှဲရွှဲစိုနေတာ ငါ့သင်္ဘောကို ဖျက်လိုဖျက်ဆီးမလုပ်ပါနဲ့လို့ပြောတယ်။
အဲ့ဒီအချိန်မှာ ဝမ်းနည်းကြေကွဲမှုက ကျွန်းကလေးအနီးကို ရောက်လာပြန်တယ်။ ချစ်မေတ္တာက သူလိုက်ပါရစေလို့ ပြောတယ်။ အိုအချစ်ရယ် ကိုယ့်မှာ သိပ်ကို ကြေကွဲဝမ်းနည်းနေရပါတယ်။ ဘယ်သူနဲ့မှလဲ မတွေ့ချင်ဘူး၊ တစ်ကိုယ်တည်းပဲ နေပါရစေကွယ်လို့ပြောရင်း မျက်ရည်တွေ ဝိုင်းလာတယ်။
ပျော်ရွှင်မှုကလည်းကျွန်းကလေးအနီးကဖြတ်သွားတယ်၊ ဒါပေမယ့် သူကအရမ်းပျော်နေတော့ ချစ်မေတ္တာကကမ်းလှမ်းတာကိုကြားကိုမကြားဘူးတဲ့။
ချစ်မေတ္တာကငါ့တော့ ရေတိမ်နစ်တော့မှာပဲဆိုပြီး ဝမ်းနည်းနေတဲ့အချိန်မှာ “ချစ်မေတ္တာရေ မင်းကိုငါတို့ခေါ်သွားမယ်ဟေ့ လာပါ’’ဆိုတဲ့အသံကိုကြားရသတဲ့။ ချစ်မေတ္တာကို လိုလိုလားလား ခေါ်သွားတာကရင့်ကျက်ခြင်း၊ ရင့်ကျက်ခြင်းက ချစ်မေတ္တာကို စိတ်ချလုံခြုံရာကို ပို့ဆောင်ပေးပြီး သူ့ခရီးသူဆက်သွားသတဲ့၊ ချစ်မေတ္တာကဘည်း ရင့်ကျက်ခြင်းရဲ့ စေတနာကို နားလည် သဘောပေါက်သွားတယ်။
ချစ်မေတ္တာကအသိအမြင်ကို တွေ့တော့သူ့ကို ကယ်တင်ဖို့စီစဉ်တာ ဘယ်သူလဲလို့မေးတယ်၊ အချိန်ကာလပဲလို့ အသိအမြင်ကဖြေတယ်။ “အချိန်ကာလဟုတ်လား၊ အချိန်ကာလက ဘာကြောင့်ကိုယ့်ကို ကူညီရတာလဲ”လို့ ချစ်မေတ္တာက မေးတော့ အသိအမြင်ကပြုံးတယ်။ ပြီးတော့ အင်မတန် လေးနက်တဲ့ပုံစံနဲ့ပြန်ပြောတာက တကယ်တော့ ချစ်မေတ္တာရဲ့ တန်ဖိုးကို အမှန်တကယ်သိရှိတာက အချိန်ကာလပဲရှိတယ်လို့ ဆက်ပြောလိုက်တယ်။