Friday, July 23, 2010

မြစ်ကြီးနားဈေးကြီး မွမ်းမံတည်ဆောက်မှုကြောင့် ဈေးသည်များနေရာအခက်တွေ့

ကချင်ပြည်နယ်၏ အကြီးဆုံးဈေးဖြစ်သည့် မြစ်ကြီးနားဈေးကြီး ပြန်လည်ပြင်ဆင်တည်ဆောက်နေခြင်းကြောင့် ဈေးသည်များ ဈေးရောင်းရန် နေရာမရှိ အခက်တွေ့နေကြသည်။

မြစ်ကြီးနားစည်ပင်သာယာရုံး က မိုးတွင်းကာလမှာ အမှတ် (၂) ဈေးကြီး ပြန်လည်တည်ဆောက်နေခြင်းကြောင့် နေရာအတည်တကျမရသည့်အတွက် ဈေးသည်များမိုးထဲမှာ နေရာပြောင်းရွှေ့ ဈေးရောင်းနေကြောင်းပြောသည်။

“ဟိုနားရွှေ့လိုက် ဒီနားရွှေ့လိုက် ဟိုနားကလည်း လမ်းမလွတ် ဘာညာဆိုတော့ ဈေးရောင်းတာ ခက်တယ်ပေါ့၊
အခန်းတွေကလည်း ၆ ပေ ပတ်လည်ပဲ အသုံးပြုတော့ သွပ်တွေဘာတွေလည်း ဘာမှမချရဘူးဆိုတော့ တော်တော်လေးကို ဒုက္ခရောက်ရတယ်” ဟု ကုန်စုံဆိုင်ကြီးမှ ဆိုင်ရှင်တစ်ဦးပြောသည်။
မြစ်ကြီးနားဈေးကြီး အမှတ်၂ ဈေးအား ဇွန်လိုင် ၁၇ ရက်နေ့ သုံးရက်အတွင်းအပြီးဖြိုလိုက်ပြီး ဇွန်လိုင် ၂၀ ရက်နေ့ မှ စတင်တည်ဆောက်နေခြင်းဖြစ်သည်။

ဆိုင်ခန်း ၉၀ ကျော်ရှိသည့် ၎င်းဈေးကြီးတည်ဆောက်ရန် ဈေးဌာနမှ ဆိုင်ခန်းတစ်ခန်းလျင် ကျပ်ငွေ ၁၂ သိန်း ကောက်ခံနေသည်။

ယင်းဈေးနှုန်းကို အတိုင်းမတတ်နိုင်သူများက ဆိုင်ခန်းဖယ်ပေးရမည်ဖြစ်သည်။ ဆိုင်ခန်းပြန်လည်ရရှိနိုင်ရန် တချို့သောသူများက အိမ်လိုက်ပေါင်နေရပြီး တစ်ချို့ဈေးသည်များက ဆိုင်ခန်းဈေးနှုန်းမတတ်နိုင်သောကြောင့် ဈေးမရောင်းတော့သည့် ဈေးသည်များလည်းရှိနေကြသည်။
“မရှိတဲ့သူတွေက ဖယ်ပေးရမှာတဲ့ မမိုက်ပါဘူးကွာ၊ ငါတို့ကဘယ်ဝယ်နိုင်တော့မှာလဲ၊ ၂ ခန်းဆိုတော့ ၂၄ သိန်းဘယ်ကရမလဲ” ဟု ဈေးသည်တစ်ဦးမှ ညည်းတွားနေသည်။

ဈေးဝယ်သူများလည်း မိုးရေထဲမှာ ကိုယ့်ဖောက်သည်လိုက်ရှာရင်း ဈေးဝယ်ရန် အခက်အခဲကြုံနေရသည်။

ယင်းမြစ်ကြီးနားဈေးကြီး အဆောက်အဦးကို အမိုးမြင့်မြင့်နှင့် ထပ်ခိုးပါရှိကာ အုတ်ဖြင့် ရက် ၄၀ အတွင်း အမြန်ဆုံး ပြီးစီးအောင် ပြန်လည်ပြင်ဆင်တည်ဆောက်မည်ဟု မြစ်ကြီးနား စည်ပင်သာယာရေးမှ ပြောသည်။

မြစ်ကြီးနား အမှတ်(၁)၊ အမှတ်(၂) ဈေကြီးသည် ကချင်ပြည်နယ်တစ်ခုလုံး၏ အကြီးဆုံးဈေးကြီးဖြစ်၍ ၁၉၈၄ ခုနှစ်တွင် ကျောက်တိုင်ထူကာ ဈေးစရောင်းခဲ့ကြသည်။

မွမ်းမံပြင်ဆင်တည်ဆောက်ခြင်းကို ၁၉၉၆ ခုနှစ်တွင် တစ်ခါပြုလုပ်ခဲ့ပြီး ယခုဈေးကြီးသည် ဒုတိယအကြိမ် ပြင်ဆင်တည်ဆောက်ခြင်းဖြစ်သည်။

အမှတ်(၁) ဈေးကြီးကိုတော့ ပြန်လည်ပြင်ဆင်ရန် စည်ပင်မှ မပြောသေးကြောင်းသိရသည်။

No comments:

Post a Comment