Thursday, June 28, 2012

မိုးတွေစိုနေတဲ့ အရိပ်ကလေး

မိုးတွေအရမ်းရွာနေလို့လား မသိဘူး နေပူမှာသာတွေ့ရတဲ့ ပုံရိပ်ကလေး ပျောက်နေတယ်။ 
 ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကလည်း ဘဝတစ်ခုလုံးကို ဆွဲခါယမ်းလိုက်တာ ချာချာကိုလည်လို့....
 အနာပေါ်တုတ်ကျ....ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ.....ဒုက္ခတွေပင်လယ်ဝေ....လို့ဆိုတဲ့ ဆိုရိုးစကားတွေတောင် တိုးလို့မပေါက်နိုင်ဘူး....
ကမ်းမမြင်လမ်းမမြင် ......ကယ်သူမယ့်......အော်.....ဘဝသံသရာ အတော်ခက်ခဲလှပါလားနော်...........

Wednesday, January 11, 2012

ပြည်သူ မျက်ရည်ကျချိန် မနောပွဲ မလုပ်လိုတဲ့ ကချင်ပြည်


ဖနိဒါ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၁၀ မိနစ် 
ချင်းမိုင်(မဇ္စျိမ)။        ။ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ၆၄ ကြိမ်မြောက် “ကချင်ပြည်နယ်နေ့” အထိမ်းအမှတ် မနောပွဲတော်ကို မကျင်းပနိုင်ခဲ့ပေ။

ရိုးရာ ထုံးတမ်းစဉ်လာအရ မနောပွဲတော်ကို ပြည်တွင်းပြည်ပမှ ကချင်လူမျိုးများ ရောက်ရှိလာပြီး နှစ်စဉ် ဇန်နဝါရီ ၁ဝ ရက်နေ့တိုင်း စည်စည်ကားကား ကျင်းပခဲ့သော်လည်း ယခုနှစ်မှာမူ နိုင်ငံရေး မတည်ငြိမ်ခြင်းကြောင့် မကျင်းပနိုင်ခဲ့
ကြောင်း မနောပွဲဖြစ် မြောက်ရေး ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

“ဒီနှစ်က မနောပွဲက ပြည်သူတွေ မျက်ရည်ကျနေတဲ့အချိန်မှာ ဒုက္ခရောက်ချိန်မှာ မနောပွဲကို မလုပ်တော့ဘူး။ ဒါပေမယ့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ကို မလုပ်ရင်လည်း မဖြစ်တော့ လူထုအခမ်းအနားလုပ်တယ်။ ညနေပိုင်းမှာ ညစာ စားပွဲပဲ လုပ်မယ်”ဟု သူက မဇ္စျိမကို ပြောသည်။


ဘာသာရေး ခေါင်းဆောင်များ၊ ကချင်ရိုးရာယဉ်ကျေးမှု ခေါင်းဆောင်များ၊ အစိုးရ ဌာနဆိုင်ရာများ အပါအဝင် လူပေါင်း ၆ဝဝ ကျော်က ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ညစာစားပွဲကို ပြည်နယ် မြို့တော်ခန်းမတွင် ပြုလုပ်မည်
ဖြစ်သည်။

မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေရသော  စစ်ပြေးဒုက္ခ ရောက်နေသူများ ရှိနေသဖြင့် ယခုနှစ် မနောပွဲကို မကျင်းပရခြင်း ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ပြောသည်။


ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ်မူ ပြည်နယ်အစိုးရ ရုံးရှေ့တွင်ပင် ဌာနဆိုင်ရာ ဝန်ထန်းများ၊ ကချင်ရိုးရာအဖွဲ့ လူကြီးများ၊  မြို့နေ ရပ်မိ ရပ်ဖများကို ခေါ်ယူ၍ ၁၅ မိနစ်ကြာ ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက မိန့်ခွန်းပြောဆိုခဲ့ခြင်းသာ ပြုလုပ်ခဲ့သည်။

ယခင်နှစ်များတွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ ကချင်လူမျိုးများ၊ အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံရှိ ကချင်မျိုးနွယ်များ
ဖြင့် မနောပွဲတော်ကို စည်ကားစွာ ကျင်းပလေ့ရှိခဲ့သည်။ တေးဂီတ ဖျော်ဖြေပွဲများ မနောအလှမယ် ရွေးပွဲများလည်း ကျင်းပခဲ့သည်။

ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုခြင်း၊ ကချင်ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းသော အားဖြင့် ကချင်မနောပွဲကို
နှစ်စဉ်ကျင်းပရခြင်း ဖြစ်သည်ဟု မြစ်ကြီးနားမြို့ခံ ကချင်ရိုးရာ ထိန်းသိမ်းရေးအဖွဲ့မှ အဖွဲ့ဝင်တဦးက ပြောသည်။

“အခု ဒီအခြေအနေဆိုရင် ကချင်ပြည်နယ်နေ့ ဆိုတာတောင် ဖျက်ချင်လာကြတယ်။ ကချင်ပြည်နယ်နေ့ သတ်မှတ်တဲ့ရက်ကို ဂုဏ်ပြုတာ၊ ရိုးရာဓလေ့ကို မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့သဘော ကျင်းပတယ်။ အရှေ့အနောက်၊ တောင်မြောက် ကချင်လူမျိုးတွေ စုပြီးတော့ နိုင်ငံရေးအရ တိုင်ပင် ဆွေးနွေးနိုင်တယ်။ ဒါပေမယ့် ဒီနှစ် ကျင်းပမယ် ဆိုရင်တော့ အရှုံးဖြစ်သွားမယ်။ ခုတောင် တိုက်ပွဲဖြစ်နေတာကို တိုက်ပွဲမဖြစ်သလို ဖန်တီးချင်တဲ့ လူတွေရှိတယ်၊ ပြဿနာ အကြီးကြီး မဟုတ်ဘူးဆိုပြီး လုပ်ချင်တဲ့ လူတွေ ရှိတယ်”ဟု သူက မဇ္စျိမကို ပြောပြသည်။

မြစ်ကြီးနားမြို့တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားခဲ့ပြီး လုံခြုံရေးအရ စိုးရိမ်မှုများ ရှိနေသဖြင့် ယခုကဲ့သို့ မနောပွဲ မကျင်းပခြင်းမှာ ပို၍ သင့်တော်သည်ဟု မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၈ ခု ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် ပထမဦးဆုံး သမ္မတ ဦးစပ်ရွှေသိုက် ကိုယ်တိုင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းသို့ တက်ရောက်၍ “ကချင်ပြည်နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ရာမှ နှစ်စဉ် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

၁၉၉၄ ခုနှစ် နဝတ အစိုးရနှင့် KIO အကြား အပစ်အခတ်ရပ်စဲချိန် ၂ဝဝ၅ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်ထိ နှစ်စဉ် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကို ခမ်းနားစွာ ကျင်းပနိုင်ခဲ့သည်။

သို့သော် KIO က နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ငြင်းဆိုလိုက်သည့် ၂ဝ၁၁ ခုနှစ်တွင် ကျရောက်သော ၆၃ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိန်းအမှတ်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဦးဆောင်၍ လေးရက်ကြာ ကျင်းပခဲ့သော်လည်း ယခင်နှစ်များကဲ့သို့ KIO ရဲဘော်များ မတက်ရောက်နိုင်ခဲ့ဘဲ ခေါင်းဆောင်တချို့သာ တက်ရောက်ခွင့် ရခဲ့သည်။

ပြည်ထောင်စု ဖြစ်ပေါ်လာရေးတွင် နှစ်ပေါင်း ၆၄ နှစ်ကြာ ကြိုးပမ်းခဲ့သော်လည်း ပြည်ထောင်စု၏ အနစ်သာရ ကချင်ပြည်နယ်နေ့၏ အနစ်သာရကို ယနေ့ထိ မခံစားနိုင်ခဲ့ရသေးကြောင်း KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က ပြောသည်။

“မြန်မာနိုင်ငံမှာ ပြည်ထောင်စုဆိုပြီး ဖြစ်ပေါ်လာတဲ့နောက် ပထမဆုံး ကချင်ပြည်နယ်နေ့ သတ်မှတ်ပေးတဲ့နေ့ပဲ။ ကချင်ပြည်နယ်နေ့ ဖြစ်ပေါ်လာတဲ့ အရင်းအမြစ်က ပြည်ထောင်စုမှာ ကချင်တွေ ဘယ်လောက်ထိ ကြိုးပမ်းခဲ့တယ် ဆိုတာ၊ ဘယ်လောက်ထိ ပြည်ထောင်စုကို လိုလားတယ်ဆိုတဲ့ လက္ခဏာပြထားတယ်။ ဒါပေမယ့် အစိုးရခေတ် အဆက်ဆက်က မျက်ကွယ်ပြုထားတယ်။ ပြည်ထောင်စု အနစ်သာရ ရဖို့ ဒီနေ့ထိ ကျနော်တို့ ပြောနေတာ ဒါတွေပဲ”ဟု သူက မဇ္စျိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ်သို့ ကချင်ပြည်နယ်အတွင်း ထိုးစစ်မဆင်ရန် ၂ဝ၁၁ ဒီဇင်္ဘာ ၁ဝ ရက်နေ့က ညွန်ကြားခဲ့ပြီးနောက် နှစ်ဘက် တိုက်ပွဲများ ၁ဝ၆ ကြိမ်ဖြစ်ပွားခဲ့သည်။

Friday, September 23, 2011

သို့......... ချစ်သောဧရာဝတီ ( အပိုင်း-၂ )

ရင်ဘတ်ထဲက ကဗျာတွေ
စာရွက်ပေါ်ကို ခုန်ချ
မျက်ဝန်းတွေ ရေကြီးတဲ့ ညမှာ
ငါ...
ဝေဒနာပလီတဲ့ အလွမ်း ဆူးတွေနဲ့
ဧရာဝတီရဲ့ ကမ်းနဖူးကို လွမ်းမိတယ်။

အဲဒီ ဧရာကမ်း နဖူးမှာ
တုတ်ခွန်သွင်း အ၀တည်တဲ့
ဒုတိယမင်းခေါင်ရဲ့
မှော်ယွန်းကြိုး မြို့ရိုး ရှိတယ်။

အဲဒီ ဧရာကမ်း နဖူးမှာပဲ
သပြေတန်း၊ အစေခံ ဆင်ကျူံးဆိုပြီး
မြစ်ကြောင်းအတိုင်း တက်လာမယ့် နယ်ချဲ့ကို
တစ်ကယ် မဖဲ့လိုက်ရတဲ့
ကနောင်လက်နက်တိုက်နဲ့ ခံတပ်တွေရှိတယ်။

အဲဒီ ဧရာကမ်းနဖူးက
ရွှေတောင်ဦးမော် ဘုရားကုန်းမှာပဲ
စကားတစ်လုံးမှ မပြောတဲ့
မြစ်စောင့်နတ်ရဲ့ ကြင်ယာ
တောင်ပိုင်ဘိုးဘိုးကြီး ဆိုတာရှိတယ်။

အဲဒီ ဧရာကမ်းနဖူးအောက်
ဂငယ်ကွေ့ နှုတ်ခမ်းတစ်လျှောက်
ရေဆန်ကို အာခံပြီး
တစ်နှစ်တစ်ခါ မှန်မှန်လာကြတဲ့
ရွှေကြက်ယက် ဘုရားဖူး
( ထောင်သောင်းချီ )
ငါးထူးငါးမြတ်တွေရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
စုံတွဲတွေ တက်ရင်နားတာပေါ့
ငတက်ပြားရဲ့ မရှိခဏ ဘုရားရှိတယ်။
အဲဒီ ဧရာကမ်းနဖူး မှာပဲ
ကိုတင်လှိုင်ရဲ့
( အမုန်းခွန်အား ပေးသနားပါ )
အတောင်နှစ်ဆယ် လွမ်းစေတီရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
ကြောင်သူတော်တွေ ဖူးရင်
ဟုတ်ရင်ဟုတ် မဟုတ်ရင်ပြုတ်
ထူးရင်ထူး မထူးရင်ရူးတဲ့
ဆွမ်းဦး ပုညရှင်ဘုရားရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
သာသနာ ၂၅၀၀ ကျော်တဲ့ဘာသာ
ဒီနေရာ ဗုဒ္ဓသာသနာထွန်းကားလိမ့်မယ်လို့
ဂေါတမဘုရား ဗျာဒိတ်ဟောခဲ့တယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
ရေတတ်ရင် ယောင်ကြိုးချိတ်ပြီး
ရေကျရင် သောင်ရိုးအိပ်တဲ့
ဆေးရွက်ကြီးတွေ မြေပဲခင်းတွေ ရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
ရာဇ၀င်များရဲ့သတို့သမီးကို ပူဇော်တဲ့
ကိုငှက်ကြီးရဲ့
အခမ်းနားဆုံးသော သက်ရှိကဗျာတွေရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
ငါ့နှလုံးသားကို
သင်တုန်း ဓားနဲ့ ထက်ခြမ်းခွဲ
နောက်တစ်ယောက်ကို လက်လှမ်းဆွဲပေါ့
တစ်ခါတစ်ရံဆီက သူမရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
ကျောင်းနောက်ကျရင် ကျောင်းတတ်
ကျောင်းမဆင်းသေးရင် ကျောင်းထွက်တဲ့
ငါ့ဘ၀ရဲ့ သင်္ကေတ
( ကျောင်းအိမ်သာလေး ဘေးက )
သင်္ကေတ ကွာကျနေတဲ့
ရိုမန့်တစ် နဲနဲ လှလှလေး ရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
မူးမူးရုးရုးနဲ့
ဟီးရိုးဟီးစီးတဲ့
ငါ့သူငယ်ချင်း စာရေးဆရာ ( လွန်း ) ရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
ငါငယ်ငယ်က ခွက်ပျောက်မော့ခဲ့တဲ့
ထန်းရည်တဲကလေး ရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
( အဝေးရောက်သားအတွက် )
ဝေဒနာ အလွမ်းတွေနဲ့ ကျန်ရစ်တဲ့
ငါ့အမေ ရှိတယ်။

အဲဒီ ဧရာကမ်းနဖူးမှာပဲ
၆၀ ကျော် ပင်စင်စား စက်ကော်ရဲ့
အရောင်မှိန် မျက်ဝန်းများနဲ့
မျှော်လင့်ခြင်းတွေ ပွန်းပါးနေတဲ့
ငါ့အဖေ ရှိတယ်။

- ဧရာဝတီရေ -
ငါ့တစ်ကိုယ်လုံး
နင့်ရင်ဘတ်ထဲ ဒိုင်ဗင်ပစ်
နင့် အချစ်ရေပြင်ကျယ်မှာ
( မျောလာတဲ့ ထင်းတုံးလေးတွေ သယ်ရင်း )
ငါလေ...တစ်ဖန်တစ်ခါ
လက်ပစ်ကူးပါရစေ အုံးတော့ကွယ်။


အလွမ်းများစွာဖြင့်
အမောင်
၀၁:၀၂
၁၉.၀၉.၂၀၁၁
(၀ံသာနုဂျာနယ်။ အတွဲ-၁၊ အမှတ်-၂၀)

မှတ်ချက်။ ။ တုတ်ခွန်သွင်း = မြန်မာ သက္ကရာဇ် ၇၂၆ ခုနှစ်
                  ဒုတိယမင်းခေါင် =  ဒုတိယ အင်းဝမြို့ကို အပိုင်စားသောမင်း အိမ်နိမ့်စံ သတိုးမင်းဖျား ဟုခေါ်သည်။

Thursday, September 22, 2011

အောင်ဆန်းပင်လုံ စာဖတ်ခန်းဖွင့်ပွဲ


အမှတ်တရများရဲ့ အမှတ်တရနေ့ ဒီနေ့

ဒီနေ့....................................
အရင်က မက်ခဲ့တဲ့အိပ်မက်တွေ တရေးနိုးခဲ့တယ်
စိတ်ကူးယဉ်ဇာတ်လမ်းတွေကို အိပ်မက်ထဲ ထည့်မက်ခဲ့တာတောင်
(၃)နှစ်ကျော်တောင်ကြာခဲ့ပြီပဲ ။                ။

စိတ်ရဲ့တန်ခိုးတွေများ တကယ်ကိုရှိတာပါလား
တစ်ခါမှ မတွေးဖြစ်မိတော့တဲ့သူတစ်ယောက်ကို
ဒီမနက် တစ်ကြိမ်တစ်ခါလေးတွေးမိရုံနဲ့ connected တဲ့။

 ဒါပေမဲ့.....................
ဖြစ်ချင်တာနဲ့ ဖြစ်တာတွေနဲ့ လွဲနေတုန်းပါပဲလား။              ။

                                                                                       (ပုံရိပ်လေး)

ချစ်သောမိသားစု

ဖေဖေ၊ မောင်လေးနှင့် မေမေ

Myanmar Bird and Nature Society (MBNS)

မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း၏ အစီအစဉ်ဖြင့် ဧရာဝတီ မြစ်ဆုံရေကာတာကိစ္စနှင့် နေပြည်တော်တွင် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်သည့်အကြောင်းအရာများကို အမြင်ခြင်း ဖလှယ်တွေ့ဆုံဆွေးနွေးလိုပါသဖြင့် တက်ရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက်    -     ၂၃-၉-၂၀၁၁(သောကြာနေ့)
အချိန်      -     နံနက်(၁၀း၀၀)နာရီ။
နေရာ      -     တော်ဝင်နှင်းဆီ သီရိခန်းမ၊ ဗဟန်းမြို့
                                                                မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(MBNS)

Wednesday, September 14, 2011

ဂဠုန်ဦးစော၏ နောက်ဆုံးစာ ဂဠုန်ဦးစော ကြိုးပေးခံရတော့အံ့ဆဲဆဲ ရက်ပိုင်းအတွင်း သူ၏သမီး (ဒေါ်)မေသန်းစော(ခ)ဘေဘီစော သို့ ရေးပို့ခဲ့သော

ဒေါသနှင့် အာဃာတတရားများသည် ကောင်းကျိုးကိုမပေးပဲ ဆိုးကျိုးကိုသာ ပေးသည်။ ဒေါသမီးကို ရင်ဝယ်ပိုက်ပြီး အာဃတတရား ကြီးမားလွန်းခဲ့သဖြင့် ဘ၀ကို တိုတိုနှင့်ပိုင်းကာ ဇာတ်သိမ်းဆိုးခဲ့ရသည်။

အကယ်၍ ဒေါသမီးကို ရင်ဝယ်မပိုက်ပဲ ငြိမ်းသတ်နိုင်ခဲ့ပြီး အာဃာတတရားကိုလည်း ဖျောက်ဖျက်ပစ်နိုင်ခဲ့မည်ဆိုပါလျှင် ယခုလို ငယ်ငယ်ရွယ်ရွယ်နှင့် တိုတိုပိုင်းရမည်မဟုတ်ပေ။

မြတ်နိုးသောဇနီး၊ ချစ်သောသမီးတို့နှင့်လည်း အိုအောင်မင်းအောင် နေထိုင်ရပြီး တိုင်းပြည်ကျိုးကို သယ်ပိုးရွက်ဆောင်နိုင်မည်ဖြစ်သည်။

ယခုမူကား လွန်ခဲ့လေပြီ။ ပြီးခဲ့လေပြီ။ သို့တစေလည်း... ဖခင်ဖြစ်သူ၏ အမှားမျိုး၊ နောင်တမျိုး၊ သံဝေဂမျိုးကို သမီးဖြစ်သူ မကြုံတွေ့ရလေအောင် ဖခင်၏ ဘ၀သင်ခန်းစာကိုယူ၍ ဒေါသမီးကို ရင်ဝယ်မပိုက်ထွေးပဲ ငြိမ်းသတ်ပစ်ပါ။ မည်သူ့အပေါ်မျှ ရန်ငြှိုးဖွဲ့၊ ရန်ငြှိုးမထားပဲ အာဃာတ တရားကို ဖျောက်ဖျက် မေ့ပျောက်ပစ်ပါလေ ချစ်သမီး

(မေ ၈ ၁၉၄၈ မှာ ဦးစောကို ကြိုးပေးတယ်

Thursday, August 11, 2011

ကမ်းလွန်းနေသော.....ငှက်တစ်ကောင်

အနာဂတ်ကို……
လက်ရှိစိတ်ကူးတွေနဲ့
တဖြည်းဖြည်းလှိမ့်သွားဖို့
ဘယ်လောက်……
မိဝေးဖဝေးနွေးထွေးမှုတွေနဲ့
ကင်းကွာနေရမှာလဲ ။ ။

ဘယ်လောက်…….
စိတ်ရဲ့ လွပ်လပ်မှု
အေးချမ်းသာယာမှုတွေနဲ့ ဝေးပြီး
ယောင်ဝါးဝါး ဖြစ်နေတဲ့
ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ
အဖြေရှာမရတဲ့ စိတ်လေးပင်နေမှုတွေနဲ့
လူတွေကြားမှာ ကြုံတွေ့နေရတဲ့
ကိုယ့်ရဲ့လိုအပ်နေမှုတွေက
ဘယ်တော့ ပြီးပြည့်စုံလာမှာလဲ။

Wednesday, August 10, 2011

“ချစ်မေတ္တာနဲ့ အချိန်ကာလ’’

တစ်ခါကကျွန်းလေးတစ်ကျွန်းပေါ်မှာ ပျော်ရွှင်မှု၊ ဝမ်းနည်းခြင်း၊ အသိအမြင်စတဲ့ စိတ်ခံစားမှုတွေ အတူတူစုပြီးနေကြတယ်။ အဲ့ဒီထဲမှာ ချစ်မေတ္တာလည်းပါတယ်။
ချစ်မေတ္တာရှိတဲ့နေရာမှာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အလွမ်းအဆွေးတွေလဲရှိရမှာပေါ့ ဒါပေမယ့် လူပျိုကြီးတွေ အပျိုကြီးတွေတော့မရှိဘူး။
တစ်နေ့မှာသူတို့နေတဲ့ကျွန်းကလေးကို ရေလွှမ်းမိုးနစ်မြုပ်တဲ့အချိန်ကိုရောက်လာတယ်။ အသီးသီးထွက်ခွာဖို့ လှေတွေသင်္ဘောတွေ တည်ဆောက်ကြပါ၊ ချစ်မေတ္တာကတော့ကျွန်းကိုပဲ စောင့်ရှောက်နေပါဆိုတဲ့ကြေညာချက်ထွက်ပေါ်လာတယ်။
တဖြည်းဖြည်း သစ်ပင်တွေလည်း ရေလွှမ်းမိုးလာပြီ တာဝန်ရှိတဲ့အတိုင်း ချစ်မေတ္တာက နောက်ဆုံးအချိန်ထိ ကျွန်းကလေးကို စောင့်ရှောက်နေတယ်။ ကျွန်းတစ်ခုလုံး နစ်မြုပ်ခါနီးမှ ချစ်မေတ္တာက သူလည်းကျွန်းက ခွာဖို့ဆုံးဖြတ်လိုက်တယ်။ သူ့ကိုခေါ်ဖို့ အကူအညီတောင်းသတဲ့။
အဲ့ဒီအချိန်မှာကြွယ်ဝချမ်းသာခြင်းက အင်မတန် ခမ်းနားကြီးကျယ်လှတဲ့ သင်္ဘောကြီးနဲ့ ကျွန်းကလေးအနီးကနေ ဖြတ်မောင်းလာတဲ့အခါ ချစ်မေတ္တာက သူလိုက်လို့ရမလားလို့ မေးတယ်။ ကြွယ်ဝချမ်းသာခြင်းက သူ့သင်္ဘောပေါ်မှာ ရွှေတွေ၊ ငွေတွေနဲ့ ပြည့်နှက်နေလို့ ချစ်ခြင်းမေတ္တာကို ပေးစရာ နေရာမရှိတော့ပါဘူးလို့ပြန်ပြောတယ်။
မကြာမီမှာပဲ ဂုဏ်မာနကလဲ လှပတဲ့ သင်္ဘောကလေးနဲ့ ကျွန်းအနီးကိုဖြတ်လာတယ်၊ ချစ်မေတ္တာက သူလည်း အတူလိုက်ပါရစေလို့ တောင်းပန်တယ်။ မခေါ်နိုင်ဘူးမင့်ကိုယ်က ရေတွေရွှဲရွှဲစိုနေတာ ငါ့သင်္ဘောကို ဖျက်လိုဖျက်ဆီးမလုပ်ပါနဲ့လို့ပြောတယ်။
အဲ့ဒီအချိန်မှာ ဝမ်းနည်းကြေကွဲမှုက ကျွန်းကလေးအနီးကို ရောက်လာပြန်တယ်။ ချစ်မေတ္တာက သူလိုက်ပါရစေလို့ ပြောတယ်။ အိုအချစ်ရယ် ကိုယ့်မှာ သိပ်ကို ကြေကွဲဝမ်းနည်းနေရပါတယ်။ ဘယ်သူနဲ့မှလဲ မတွေ့ချင်ဘူး၊ တစ်ကိုယ်တည်းပဲ နေပါရစေကွယ်လို့ပြောရင်း မျက်ရည်တွေ ဝိုင်းလာတယ်။
ပျော်ရွှင်မှုကလည်းကျွန်းကလေးအနီးကဖြတ်သွားတယ်၊ ဒါပေမယ့် သူကအရမ်းပျော်နေတော့ ချစ်မေတ္တာကကမ်းလှမ်းတာကိုကြားကိုမကြားဘူးတဲ့။
ချစ်မေတ္တာကငါ့တော့ ရေတိမ်နစ်တော့မှာပဲဆိုပြီး ဝမ်းနည်းနေတဲ့အချိန်မှာ “ချစ်မေတ္တာရေ မင်းကိုငါတို့ခေါ်သွားမယ်ဟေ့ လာပါ’’ဆိုတဲ့အသံကိုကြားရသတဲ့။ ချစ်မေတ္တာကို လိုလိုလားလား ခေါ်သွားတာကရင့်ကျက်ခြင်း၊ ရင့်ကျက်ခြင်းက ချစ်မေတ္တာကို စိတ်ချလုံခြုံရာကို ပို့ဆောင်ပေးပြီး သူ့ခရီးသူဆက်သွားသတဲ့၊ ချစ်မေတ္တာကဘည်း ရင့်ကျက်ခြင်းရဲ့ စေတနာကို နားလည် သဘောပေါက်သွားတယ်။
ချစ်မေတ္တာကအသိအမြင်ကို တွေ့တော့သူ့ကို ကယ်တင်ဖို့စီစဉ်တာ ဘယ်သူလဲလို့မေးတယ်၊ အချိန်ကာလပဲလို့ အသိအမြင်ကဖြေတယ်။ “အချိန်ကာလဟုတ်လား၊ အချိန်ကာလက ဘာကြောင့်ကိုယ့်ကို ကူညီရတာလဲ”လို့ ချစ်မေတ္တာက မေးတော့ အသိအမြင်ကပြုံးတယ်။ ပြီးတော့ အင်မတန် လေးနက်တဲ့ပုံစံနဲ့ပြန်ပြောတာက တကယ်တော့ ချစ်မေတ္တာရဲ့ တန်ဖိုးကို အမှန်တကယ်သိရှိတာက အချိန်ကာလပဲရှိတယ်လို့ ဆက်ပြောလိုက်တယ်။


Monday, December 13, 2010

Love........ကဗျာများ(၃)

အပြစ်တင် အပြစ်မြင်လျှင်
အချစ်စစ် မထင်
အပြစ်မမြင် အပြစ်မတင်မှ
ချစ်ခင် ကြင်နာသူ အစစ်
အဲ့ဒါ အချစ်
...
အခက်အခဲမရှိတဲ့ အချစ်
အစစ် မဟုတ်သေး။
ဒုက္ခလေးတွေ တန်းစီ
ကြုံတွေ့ပြီဆိုတော့မှ
ဟုတ်ပ ဟုတ်ပ ဒုက္ခ အချစ်

အချစ်စစ်ဆိုတာ
မနာလိုဝန်တို
ငြိုငြင် စိတ်ကောက် ပေါ့
ချော့တော့လည်း စိတ်ပြေသွား
ပျော်စရာလေးတွေများလား။

မချစ်ခင်က ခင်မင်
ခင်မင်ပြီးမှ ရင်းနှီး
ရင်းနှီးပြီး ကြွမ်းချစ်
သံယောဇဉ် ဖြစ်မှတော့
ခင်မင်မှုဆိုတာ မလိုတော့ဘူးပေါ့။

ယုံကြည်အားကိုးမှု နည်းလျှင်
အချစ်လည်း ပျောက်ပျက်
မျှော်လင့်ချက်ဆုံးရှုံး
အမုန်းတံခါးခေါက်
နောက်တစ်ယောက် အဆင်သင့်။

တံခါးမကြီးက ၀င်လာတဲ့အချစ်
အပြစ်တွေ မြင်လာတဲ့အခါ
အကြင်နာတွေ ပျက်ပြယ်
မုန်းတယ် မုန်းတယ်ဖြစ်
မလွယ်ပေါက်က ပြန်လစ်ပေါ့။

အချစ်စစ်ဆိုတာ
ထာဝစဉ်ပျိုမြစ်
အသစ်တွေ ဘယ်လိုကောင်းကောင်း
အဟောင်းတလည်လည်ဖြစ်
နုပျိုသစ်နေဆဲ

အများကြီးမချစ်ချင်နေ
မတွေဝေပါနဲ့
သာသာအေးအေး
နည်းနည်းလေး ချစ်ပါ
ကြာကြာတော့ ချစ်ပေါ့နော်။

အကောင်းအဆိုး
အကြောင်းအကျိုးတွေ ဝေဖန်
အကြံဉာဏ် အသစ်တွေနဲ့
အချစ်ကို သိမ်းထုပ်
ထိန်းချုပ်လို့ ရသတဲ့လား

လူတိုင်း လူတိုင်း
တုနှိုင်းမရ
ကိုယ့်ဘဝ ထပ်တူ
ချစ်တဲ့သူကို
ဖြူဖြူမဲမဲ ချစ်တတ်တယ်.......။(ဇော်သူရ)

Love......ကဗျာများ(၂)

ချစ်သူ...သို့

မွှေးပျံ့ဆုံးသင်းရနံတွေနဲ့.
လန်းဆန်းတဲ့ပန်းတစ်ပွင့်
ကိုယ့်အတွက်ဖူးပွင့်ပေးပါ
ချစ်သူရေ.................
ပေးဆပ်ခြင်းအဖြစ်နဲ့.....
အိပ်မက်တွေရှင်သန်ဖို့
မင်းရဲ့အားပေးမှုတွေလည်းလိုတယ်
ချစ်သူရေ.................
သံယောဇဉ်တွေပျော်ဝင်စီးဆင်း
မျှော်လင့်ခြင်းမြစ်တစ်စင်းမှာ
မင်းအတွက်ကူးခတ်ဆဲပါ
ချစ်သူရေ.....................
လွင့်ပျံလာမယ့်ချစ်ခြင်း.
စောင့်စားမျှော်လင့်ရင်း
ကျွမ်းမြေ့စွာခံစားနေရပြီ
ချစ်သူရေ....................။

Love.........ကဗျာများ(၁)

ခေတ်ကြီးထဲ
စီးဆင်းနေတဲ့ မြစ်တွေ

အလိုမတူမှု
ပန်းပွင့် မုန်တိုင်း
မျက်ရည် ရယ်သံ
ယမ်းငွေ့နဲ့ အနုပညာ။

မျက်နှာချင်းဆိုင် စားပွဲ တစ်ခုပေါ်မှာတော့
ပျားရည်နဲ့ လုပ်ထားတဲ့ အဆိပ်
ခလုတ်တွေနဲ့ ကမ္ဘာ။

Wednesday, December 8, 2010

ငွေဆောင်မှာ ပုံရိပ်များ

မင်းအကြည့်က သူစိမ်းတွေဆန်နေမှာပေါ့ ငါတို့နှစ်ယောက်ဆုံတွေတာ
ဒါပထမဆုံးပဲ ပင်လယ်ရယ်............
ခုတော့နင့်ကိုငါခင်မင်တွယ်တာလို့ ပြန်ရမှာလဲဆွေးသလိုလို
ခွဲခွာရမှာ တသသ ဖြစ်နေရပြီ ပင်လယ်ရယ်.....
နင်က သစ္စာတရားကို လက်ကိုင်ထားနိုင်မှာပေါ့
နင့်မှာက ပြီးပြည့်စုံတဲ့ အဖော်အပေါင်းတွေရယ် နင့်အပေါ်သစ္စာရှိမြဲရှိနေကြတဲ့
သူငယ်ချင်းတွေရှိနေကြတာပဲလေ..........
နင်က ငါ့ကိုပျော်ရွှင်တယ် စိတ်ချမ်းသာစေတယ်
ကျေးဇူးပဲ ပင်လယ်ရေ....
နင့်ကိုလွမ်းနေမယ်...........နော်။ ။

Friday, July 23, 2010

မြစ်ကြီးနားဈေးကြီး မွမ်းမံတည်ဆောက်မှုကြောင့် ဈေးသည်များနေရာအခက်တွေ့

ကချင်ပြည်နယ်၏ အကြီးဆုံးဈေးဖြစ်သည့် မြစ်ကြီးနားဈေးကြီး ပြန်လည်ပြင်ဆင်တည်ဆောက်နေခြင်းကြောင့် ဈေးသည်များ ဈေးရောင်းရန် နေရာမရှိ အခက်တွေ့နေကြသည်။

မြစ်ကြီးနားစည်ပင်သာယာရုံး က မိုးတွင်းကာလမှာ အမှတ် (၂) ဈေးကြီး ပြန်လည်တည်ဆောက်နေခြင်းကြောင့် နေရာအတည်တကျမရသည့်အတွက် ဈေးသည်များမိုးထဲမှာ နေရာပြောင်းရွှေ့ ဈေးရောင်းနေကြောင်းပြောသည်။

“ဟိုနားရွှေ့လိုက် ဒီနားရွှေ့လိုက် ဟိုနားကလည်း လမ်းမလွတ် ဘာညာဆိုတော့ ဈေးရောင်းတာ ခက်တယ်ပေါ့၊
အခန်းတွေကလည်း ၆ ပေ ပတ်လည်ပဲ အသုံးပြုတော့ သွပ်တွေဘာတွေလည်း ဘာမှမချရဘူးဆိုတော့ တော်တော်လေးကို ဒုက္ခရောက်ရတယ်” ဟု ကုန်စုံဆိုင်ကြီးမှ ဆိုင်ရှင်တစ်ဦးပြောသည်။
မြစ်ကြီးနားဈေးကြီး အမှတ်၂ ဈေးအား ဇွန်လိုင် ၁၇ ရက်နေ့ သုံးရက်အတွင်းအပြီးဖြိုလိုက်ပြီး ဇွန်လိုင် ၂၀ ရက်နေ့ မှ စတင်တည်ဆောက်နေခြင်းဖြစ်သည်။

ဆိုင်ခန်း ၉၀ ကျော်ရှိသည့် ၎င်းဈေးကြီးတည်ဆောက်ရန် ဈေးဌာနမှ ဆိုင်ခန်းတစ်ခန်းလျင် ကျပ်ငွေ ၁၂ သိန်း ကောက်ခံနေသည်။

ယင်းဈေးနှုန်းကို အတိုင်းမတတ်နိုင်သူများက ဆိုင်ခန်းဖယ်ပေးရမည်ဖြစ်သည်။ ဆိုင်ခန်းပြန်လည်ရရှိနိုင်ရန် တချို့သောသူများက အိမ်လိုက်ပေါင်နေရပြီး တစ်ချို့ဈေးသည်များက ဆိုင်ခန်းဈေးနှုန်းမတတ်နိုင်သောကြောင့် ဈေးမရောင်းတော့သည့် ဈေးသည်များလည်းရှိနေကြသည်။
“မရှိတဲ့သူတွေက ဖယ်ပေးရမှာတဲ့ မမိုက်ပါဘူးကွာ၊ ငါတို့ကဘယ်ဝယ်နိုင်တော့မှာလဲ၊ ၂ ခန်းဆိုတော့ ၂၄ သိန်းဘယ်ကရမလဲ” ဟု ဈေးသည်တစ်ဦးမှ ညည်းတွားနေသည်။

ဈေးဝယ်သူများလည်း မိုးရေထဲမှာ ကိုယ့်ဖောက်သည်လိုက်ရှာရင်း ဈေးဝယ်ရန် အခက်အခဲကြုံနေရသည်။

ယင်းမြစ်ကြီးနားဈေးကြီး အဆောက်အဦးကို အမိုးမြင့်မြင့်နှင့် ထပ်ခိုးပါရှိကာ အုတ်ဖြင့် ရက် ၄၀ အတွင်း အမြန်ဆုံး ပြီးစီးအောင် ပြန်လည်ပြင်ဆင်တည်ဆောက်မည်ဟု မြစ်ကြီးနား စည်ပင်သာယာရေးမှ ပြောသည်။

မြစ်ကြီးနား အမှတ်(၁)၊ အမှတ်(၂) ဈေကြီးသည် ကချင်ပြည်နယ်တစ်ခုလုံး၏ အကြီးဆုံးဈေးကြီးဖြစ်၍ ၁၉၈၄ ခုနှစ်တွင် ကျောက်တိုင်ထူကာ ဈေးစရောင်းခဲ့ကြသည်။

မွမ်းမံပြင်ဆင်တည်ဆောက်ခြင်းကို ၁၉၉၆ ခုနှစ်တွင် တစ်ခါပြုလုပ်ခဲ့ပြီး ယခုဈေးကြီးသည် ဒုတိယအကြိမ် ပြင်ဆင်တည်ဆောက်ခြင်းဖြစ်သည်။

အမှတ်(၁) ဈေးကြီးကိုတော့ ပြန်လည်ပြင်ဆင်ရန် စည်ပင်မှ မပြောသေးကြောင်းသိရသည်။

မြစ်ကြီးနားဈေးကြီး မွမ်းမံတည်ဆောက်မှုကြောင့် ဈေးသည်များနေရာအခက်တွေ့

ကချင်ပြည်နယ်၏ အကြီးဆုံးဈေးဖြစ်သည့် မြစ်ကြီးနားဈေးကြီး ပြန်လည်ပြင်ဆင်တည်ဆောက်နေခြင်းကြောင့် ဈေးသည်များ ဈေးရောင်းရန် နေရာမရှိ အခက်တွေ့နေကြသည်။

မြစ်ကြီးနားစည်ပင်သာယာရုံး က မိုးတွင်းကာလမှာ အမှတ် (၂) ဈေးကြီး ပြန်လည်တည်ဆောက်နေခြင်းကြောင့် နေရာအတည်တကျမရသည့်အတွက် ဈေးသည်များမိုးထဲမှာ နေရာပြောင်းရွှေ့ ဈေးရောင်းနေကြောင်းပြောသည်။

“ဟိုနားရွှေ့လိုက် ဒီနားရွှေ့လိုက် ဟိုနားကလည်း လမ်းမလွတ် ဘာညာဆိုတော့ ဈေးရောင်းတာ ခက်တယ်ပေါ့၊
အခန်းတွေကလည်း ၆ ပေ ပတ်လည်ပဲ အသုံးပြုတော့ သွပ်တွေဘာတွေလည်း ဘာမှမချရဘူးဆိုတော့ တော်တော်လေးကို ဒုက္ခရောက်ရတယ်” ဟု ကုန်စုံဆိုင်ကြီးမှ ဆိုင်ရှင်တစ်ဦးပြောသည်။
မြစ်ကြီးနားဈေးကြီး အမှတ်၂ ဈေးအား ဇွန်လိုင် ၁၇ ရက်နေ့ သုံးရက်အတွင်းအပြီးဖြိုလိုက်ပြီး ဇွန်လိုင် ၂၀ ရက်နေ့ မှ စတင်တည်ဆောက်နေခြင်းဖြစ်သည်။

ဆိုင်ခန်း ၉၀ ကျော်ရှိသည့် ၎င်းဈေးကြီးတည်ဆောက်ရန် ဈေးဌာနမှ ဆိုင်ခန်းတစ်ခန်းလျင် ကျပ်ငွေ ၁၂ သိန်း ကောက်ခံနေသည်။

ယင်းဈေးနှုန်းကို အတိုင်းမတတ်နိုင်သူများက ဆိုင်ခန်းဖယ်ပေးရမည်ဖြစ်သည်။ ဆိုင်ခန်းပြန်လည်ရရှိနိုင်ရန် တချို့သောသူများက အိမ်လိုက်ပေါင်နေရပြီး တစ်ချို့ဈေးသည်များက ဆိုင်ခန်းဈေးနှုန်းမတတ်နိုင်သောကြောင့် ဈေးမရောင်းတော့သည့် ဈေးသည်များလည်းရှိနေကြသည်။
“မရှိတဲ့သူတွေက ဖယ်ပေးရမှာတဲ့ မမိုက်ပါဘူးကွာ၊ ငါတို့ကဘယ်ဝယ်နိုင်တော့မှာလဲ၊ ၂ ခန်းဆိုတော့ ၂၄ သိန်းဘယ်ကရမလဲ” ဟု ဈေးသည်တစ်ဦးမှ ညည်းတွားနေသည်။

ဈေးဝယ်သူများလည်း မိုးရေထဲမှာ ကိုယ့်ဖောက်သည်လိုက်ရှာရင်း ဈေးဝယ်ရန် အခက်အခဲကြုံနေရသည်။

ယင်းမြစ်ကြီးနားဈေးကြီး အဆောက်အဦးကို အမိုးမြင့်မြင့်နှင့် ထပ်ခိုးပါရှိကာ အုတ်ဖြင့် ရက် ၄၀ အတွင်း အမြန်ဆုံး ပြီးစီးအောင် ပြန်လည်ပြင်ဆင်တည်ဆောက်မည်ဟု မြစ်ကြီးနား စည်ပင်သာယာရေးမှ ပြောသည်။

မြစ်ကြီးနား အမှတ်(၁)၊ အမှတ်(၂) ဈေကြီးသည် ကချင်ပြည်နယ်တစ်ခုလုံး၏ အကြီးဆုံးဈေးကြီးဖြစ်၍ ၁၉၈၄ ခုနှစ်တွင် ကျောက်တိုင်ထူကာ ဈေးစရောင်းခဲ့ကြသည်။

မွမ်းမံပြင်ဆင်တည်ဆောက်ခြင်းကို ၁၉၉၆ ခုနှစ်တွင် တစ်ခါပြုလုပ်ခဲ့ပြီး ယခုဈေးကြီးသည် ဒုတိယအကြိမ် ပြင်ဆင်တည်ဆောက်ခြင်းဖြစ်သည်။

အမှတ်(၁) ဈေးကြီးကိုတော့ ပြန်လည်ပြင်ဆင်ရန် စည်ပင်မှ မပြောသေးကြောင်းသိရသည်။